မြေဆီလွှာ လိုအပ်သော အဓိက အာဟာရဓါတ်များ
နိုက်ထရိုဂျင်ဓါတ်
- အပင်၏ပင်စည်အခက်အလက်များနှင့် အရွက်များကြီးထွားဖြစ်ထွန်းမှုကို ဆောင်ရွက်ပေးသည်။
- ကလိုရိုဖီး ( ခေါ် ) အစိမ်းရောင်ခြယ်ဆေး ဖြစ်ပေါ်မှုကို တိုးပွားစေသည်။ အပင်၏ ကြီးထွားမှုအပြင် အသီး ၊ အပွင့်ဖြစ်ပေါ်ရေး လုပ်ငန်းစဉ်တိုင်းတွင် ပါဝင်ဆောင်ရွက်သည်။
- ပရိုတင်း တည်ဆောက်ရာတွင် အရေးကြီးသော အာဟာရဓါတ်ဖြစ်သည်။
ဖော့စဖရပ်ဓါတ်
- အမြစ်များကို စောစွာ ကြီးထွားစေသည်။
- ပန်းပွင့်ရန် အားပေးပြီး မျိုးစေ့ဖြစ်ပေါ်ခြင်းနှင့် အစေ့အဆံများ ပြည့်ဝရန် ဆောင်ရွက်ပေးသည်။
- စိုက်ပျိုးပင်၏ သီးနှံ အရည်အသွေးကို ပိုမို ကောင်းမွန်စေသည်။
ပိုတက်ဆီယမ်ဓါတ်
- အပင်များ၏အင်ဇိုင်း ၆၅ မျိုးကျော် ဓါတ်ကူပြုမှု လျင်မြန်အောင် ဆောင်ရွက်ပေးသည်။
- အပင်ကြီးထွားရေးအတွက် လိုအပ်သောစွမ်းအင် ( Energy ) ဖြင့် ကာဗိုဟိုက်ဒြိတ်ကို ဖြိုခွဲပေးသည်။
- ရောဂါများစွာကို ကျော်လွှားတိုက်ခိုက် ဖြေရှင်းပေးသည်။
- ရာသီဥတု ဖောက်ပြန်မှုကို ခံနိုင်ရည် ရှိစေသည်။
- ရာသီဥတု ဖောက်ပြန်မှုကို ခံနိုင်ရည် ရှိစေသည်။
- စတိုမာတာ ( Stomata ) ခေါ် လေရှူပေါက်များဖွင့်ခြင်း ၊ ပိတ်ခြင်း ဆောင်ရွက်ပေးသည်။
- အပင်၏ ရေလိုအပ်မှုကို ထိန်းချုပ်မှု တိုးတက်ကောင်းမွန်စေပြီး သီးနှံပင်၏ ရေငတ်ဒဏ်နှင့် အငန်ဓါတ် လွန်ကဲမှုဒဏ်ကို ခံနိုင်စွမ်းအား တိုးစေသည်။
- သစ်စေ့နှင့် အသီးအရွက်များ ၊ ဥစားသီးနှံများ၏ အရည်အသွေး တိုးမြှင့်ပေးခြင်းများကို ဆောင်ရွက်ပေးသည်။
ကန့်ဓါတ်
- အမိုင်နို အက်စစ်များ ထုတ်လုပ်ရာတွင် လိုအပ်သည့် ဓါတ်ဖြစ်သည်။
- ပဲမျိုးနွယ်ဝင် အပင်များတွင် မြစ်ဖုများ ဖြစ်ပေါ်လာရေးအတွက် အားပေးပြီး ပဲစေ့များ ဖြစ်ပေါ်လာရေးအတွက် လှုံ့ဆော်ပေးသည်။
- ပရိုတင်း၏ မရှိမဖြစ် လိုအပ်သော အစိတ်အပိုင်းလည်း ဖြစ်သည်။
- ကြက်သွန်နီ/ဖြူ ၊ မုန့်ညင်း မုန်လာပင်တို့၏ အနံ့ကိုကောင်းစေသည်။
ထုံးဓါတ်
- အပင်များ၏ ဆဲလ်နံရံများကို ခိုင်မာ တောင့်တင်းစေသည်။
- အသီးတင်မှုကို ဖြစ်ထွန်းစေသည်။
- မြေဆီလွှာ အချဉ်လွန်ကဲမှုကို လျော့နည်းစေသည်။
- အမြစ် ၊ ၀တ်မှုန် ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည်။ ပဲမြစ်ဖု ဖွံ့ဖြိုးတိုးတက်ရန် အထူးလိုအပ်သည်။
- အမြစ် ၊ ဥစားပင်များအတွက် မရှိမဖြစ် လိုအပ်သောဓါတ် ဖြစ်သည်။
မဂ္ဂနီဆီယမ်ဓါတ်
- အပင်အရွက်များ၏ အစိမ်းရောင်ရှိသော အစိတ်အပိုင်းများတွင် အဓိကပါဝင်သည်။
- အပင်၏ စွမ်းအင်ရွေးလျားမှုနှင့် ဆက်စပ်နေသည့် ဓါတ်ကူပစ္စည်းများ ဓါတ်ပြုမှု ( Enzyme Reactions ) များတွင်လည်း ပတ်သက်ပါဝင်သည်။
ဘိုရွန်ဓါတ်
- အသီးနှင့် အစေ့များ ဖြစ်ပေါ် ကြီးထွားရန်အတွက် မရှိမဖြစ် လိုအပ်သည်။
- ဘိုရွန်ဓါတ် ချို့တဲ့ပါက ၀တ်မှုန်ရင့်မှည့် ပေါက်ကွဲအားဖြစ်ပေါ်မှုကို ရပ်ဆိုင်းစေသည်။ သို့မဟုတ် ၀တ်မှုန် မျိုးအောင်နိုင်မှု အားနည်းသွားစေသည်။
- အမြစ်ဖွံ့ဖြိုးမှု ၊ မျိုးဆက်ပြန်ပွားမှု ထိခိုက် နည်းပါးစေသည်။
သံဓါတ်
- အရွက်များအတွင်းရှိ အစိမ်းရောင်ခြယ် ဆေးများတွင် အောက်ဆီဂျင်ကို သယ်ယူရာ၌ ဓါတ်ကူပစ္စည်းအဖြစ် ဆောင်ရွက်ပေးသည်။
- မြေဆီလွှာတွင် အချိုးအဆ မှန်ကန်စွာပါဝင်မှု အရေးကြီးသကဲ့သို့ လိုအပ်သည်ထက် ပိုပါက အပင်ကို အဆိပ်အတောက် ဖြစ်စေသည်။
သွပ်ဓါတ်
- အပင်များ၏ အင်ဇိုင်းများအတွက် မရှိမဖြစ် လိုအပ်သော အာဟာရဓါတ်ဖြစ်သည်။
- ပရိုတင်းဓါတ်ပေါင်းတစ်ခုနှင့် အမိုင်နိုအက်စစ်များ ဖြစ်ပေါ်ရန်အတွက် အဓိက အာဟာရဓါတ်ဖြစ်သည်။ ဥပမာ ( ပြောင်းဖူး ၊ စပါး )
- Auxim ( I.G.A ) ဖွံ့ဖြိုးတိုးတက်ရန် အားပေးသည်။
မဂ္ဂနိစ်ဓါတ်
- အပင်အတွင်း အောင်ဂဲနစ် ဓါတ်ပေါင်းများ ဖြစ်ပေါ်ရန်အတွက် လိုအပ်သော ဓါတ်တိုးမြင့်ခြင်း၊ ဓါတ်လျော့ခြင်းများကို ထိန်းညှိပေးသည်။
- Enzyme များအား လှုံ့ဆော်ပေးနိုင်သည်။
- အပင်၏ အစိမ်းရောင်ဖွံ့ဖြိုးမှုအတွက် လိုအပ်သည်။
ကြေးနီဓါတ်
- အမြစ်များ ဇီဝဓါတ်ပြု တည်ဆောက်ခြင်းတွင် ကူညီဆောင်ရွက်ပေးသည်။
- ဓါတ်တိုးစွမ်းအား Enzyme များအတွက် လိုအပ်သည်။
မိုလစ်ဒီနမ်ဓါတ်
- လေထဲမှ နိုက်ထရိုဂျင်ကို ဖမ်းယူနိုင်သော ပဲမြစ်ဖုဇီဝ ဘက်တီးရီးယားအတွက် လိုအပ်သည်။
- အရွက်များအတွင် စုရုံးတည်ရှိပြီး အင်ဇိုင်းများ ဓါတ်ပြုခြင်းတွင် အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်သည်။
ကလိုရင်းဓါတ်
- အပင်အတွင်း ရေ၏ရွေ့လျားခြင်းနှင့် အပင်များ ရေကိုအကျိုးရှိစွာ အသုံးချရေးတွင် ပါဝင်ဆောင်ရွက်သည်။
- အပင်တိုးတက် ကြီးထွားခြင်း ဖြစ်ထွန်းရန်နှင့် အပွင့်ဖြစ်ပေါ်မှုကို အားပေးသည်။
မှတ်ချက် ။ ။ ဆေးရွက်ကြီးပင်၊ စပျစ်နှင့်ဖရဲ၊ သခွား၊ အာလူးတို့တွင် ကလိုရင်း မကြိုက်နှစ်သက်ပါ။
ဆီလီကာဓါတ်
- ဆီလီကာသည် စပါးနှင့် နှံစား သီးနှံပင်များအတွက် မရှိမဖြစ် လိုအပ်သော အာဟာရတစ်ခု ဖြစ်သည်။
- ပင်စည်မာကျောမှုနှင့် အရွက်ထောင်မတ်မှု ကောင်းစေသည်။
- စပါးနှင့် နှံစားသီးပင်များ ကြီးထွားရေးအတွက် လိုအပ်သောအရွက်၊ ပင်စည်နှင့် အမြစ်ပိုင်းဆိုင်ရာ အားလုံးတွင် ဆောင်ရွက်ပေးသည်။
- စပါးရွက် ကျူတီကယ် ( ဖယောင်းလွှာ ) ကို ထူစေသောကြောင့် မှိုရောဂါ၊ ဘက်တီးရီးယား ရောဂါများနှင့် အင်းဆက်ပိုးများ၏ ဖျက်ဆီးမှုမှ ကာကွယ်ပေးသည်။
- ရေကိုအကျိုးရှိစွာ သုံးစွဲနိုင်စွမ်း ရှိစေသည်။
အဓိကအာဟာရဓါတ်ချို့တဲ့မှုလက္ခဏာများ
နိုက်ထရိုဂျင်
- အရွက်များဝါခြင်း၊ အောက်အရွက်များထိပ်၊ ရွက်ကြောကြားမှ စတင်၍ ၀ါခြင်း၊ သီးနှံကြီးထွားမှု နှေးခြင်း၊ အပင်ပုခြင်း၊ အသီးအဆံများ သေးခြင်း၊ စပါးတွင် ပင်ပွားနည်းခြင်း၊ အပွင့်နည်းခြင်းတို့ကို တွေ့ရသည်။
ဖော့စဖရပ်
- အပင်ပုခြင်း၊ အမြစ်ထွက်နည်းခြင်း၊ အသီးအစေ့ ဖွံ့ဖြိုးမှုနည်းခြင်း၊ အသီးဖြစ်မှု သေးကွေးခြင်း၊ စပါးတွင် အရွက်များ အစိမ်းရင့်ရော်ရောင်ဖြစ်ခြင်း၊ ခရမ်းရောင်ပြောင်းခြင်း၊ ပုံမမှန်အရွက်များဖြစ်ခြင်း၊ အရွက်၊ အသီးနှင့်ပင်စည်တို့တွင် ခြောက်နေခြင်း၊ ၀ါရွက်နီခြင်း၊ ရင့်မှည့်မှု နောက်ကျခြင်း၊ ဗီဇကို ပြောင်းလွဲစေခြင်း တို့ကိုတွေ့ရသည်။
ပိုတက်ဆီယမ်
- အရွက်နားများ ခြောက်ခြင်း၊ အောက်ပိုင်း အရွက်ထိပ်များတွင် ပို၍ အနားခြောက်မှုရှိခြင်း၊ သီးနှံကြီးထွားမှု နှေးခြင်း၊ အမြစ်ထွက်နည်းခြင်း၊ ပင်စည်ပျော့ခြင်း၊ အသီးနှင့် မျိုးစေ့များ သေး၍ရှုံ့တွခြင်း၊ အပင်ယိုင်လဲခြင်း၊ ရောဂါဒဏ် ခံနိုင်ရည်နည်းခြင်းတို့ကို တွေ့ရသည်။
ကယ်လ်ဆီယမ်
- အမြစ်ကြီးထွားမှု ညံ့ခြင်း၊ အမြစ်များ အနက်ရောင်ဖြစ်၍ ပုပ်ခြင်း၊ အရွက်နှင့် ပင်စည်များတွင် အစေးများဖြစ်၍ ပင်စည်အကိုင်းဖျားများ သေခြင်း၊ အရွက်ငယ်၊ အမြစ်များ လိမ်ကောက်၍ တိုသွားစေသည်။ ပင်စည် ပျော့နေတတ်သည်။
( ဥပမာ – မြေပဲနှင့် ဟင်းသီးဟင်းရွက်များတွင် တွေ့မြင်ရသည်။ )
ကန့်ဓါတ်
- အရွက်ငယ်များတွင်း အစိမ်းရောင်ဖျော့ခြင်း၊ အပင်ပုခြင်း၊ အရွက်များ ဖွံ့ဖြိုးမှုတန့်ခြင်း၊ ပင်စည်သေးငယ်ခြင်း၊ တစ်ပင်လုံးဝါခြင်းတို့ကို တွေ့ ရသည်။
မဂ္ဂနီဆီယမ်ဓါတ်
- အောက်ပိုင်းအရွက်များ အ၀ါရောင်၊ ကြေးရောင် (သို့မဟုတ်) ခရမ်းရောင်ဖြစ်ခြင်း၊ ရွက်ကြောများစိမ်းနေခြင်း၊ အရွက်များသေးခြင်း၊ မှိုရောဂါကျ ရောက်လွယ်ခြင်း၊ အရွက်များကြွေခြင်း တို့ကို တွေ့ရသည်။
အနည်းလို အာဟာရဓါတ် ချို့တဲ့မှု လက္ခဏာများ
ဘိုရွန်ဓါတ်
- အထူးသဖြင့် အပင်ပုခြင်း၊ ပန်းပွင့်များတွင် ၀တ်မှုန်ပြွန် ဖြစ်ပေါ်မှုနည်းခြင်း၊ အသီးတင်မှု နည်းခြင်း၊ အညွန့်အဖူး သေးခြင်းတို့ကို တွေ့ရသည်။
သံဓါတ်
- သီးနှံပင်များ၏ အရွက်များ (အရွက်ငယ်) စတင်၍၀ါလာပြီး တစ်ပင်လုံးဖြူ၍ သွားခြင်းတို့ကို တွေ့ရသည်။
သွပ်ဓါတ် (ဇင့်)
- စပါးတွင် ကြေးရောင်ဖြစ်ခြင်း၊ အရွက်လယ်ကြော တစ်ဖက်ဆီတွင် အ၀ါစင်းများဖြစ်ခြင်း၊ ပဲနှင့်ပြောင်းဖူးပင်များ အပင်ပုခြင်း (အလွန်ပုခြင်း)၊ စပါးပင်ပုခြင်း၊ စပါးအဖျင်းများခြင်း၊ အပေါ်ရွက် (၂-၃) ရွက်တွင် အ၀ါစင်းများ တွေ့ရခြင်းတို့ကို တွေ့ရသည်။ အခြေအနေ ဆိုးဝါးပါက အဖြူရောင်အစင်းများ ပြောင်းသွားခြင်း တွေ့ရသည်။
မဂ္ဂနီးစ်ဓါတ်
- အရွက်ငယ်များ အရွက်ကြောကြားများ ၀ါခြင်း၊ အညို၊ အနက်စက်များ ဖြစ်ပေါ်လာခြင်း၊ အရင်းတွင် မီးခိုးရောင်ဖြစ်ခြင်း တို့ကို တွေ့ရသည်။
ကော့ပါးဓါတ်
- ရှောက်၊ သံပုရာ၊ လိမ္မော်တို့တွင် ကိုင်းဖျားမှစတင်၍ သေခြင်း၊ အရွက်များ ပြာစိမ်းစိမ်းဖြစ်နေခြင်း၊ ပန်းပွင့်မှုနည်းခြင်း၊ စပါးတွင် အရွက်များ ၀ါခြင်း၊ အနှံထွက်မှု မကောင်းခြင်း၊ အစေ့တည်မှု နည်းခြင်းတို့ကို တွေ့ရသည်။
မိုလစ်ဒီနမ်ဓါတ်
- အပင်များဝါခြင်း၊ ပုခြင်းတို့ကိုတွေ့ရသည်။ ပဲမျိုးစုံသီးနှံတွင် အများဆုံးတွေ့ရသည်။
ကလိုရင်းဓါတ်
- အရွက်များ ထောင်မတ်မှုမရှိဘဲ ရေငတ်ဒဏ် များများခံရတတ်သည်။ အစိမ်းရောင်မှအ၀ါရောင်၊ ကြေးနီရင့်ရောင်ပြောင်းကာ သေဆုံးစေခြင်း၊ အရွက်များ ပျော့နေခြင်းများ တွေ့ရသည်။
ဆီလီကာဓါတ်
- အရွက်များတွင် အညိုရောင် အကွက်ဖြစ်ပေါ်လျှက် တစ်သျှူးများ သေခြင်းကို ဖြစ်စေပါသည်။