ကော်ဖီ
မြေအမျိုးအစား
ကော်ဖီသည် ရေ၀ပ်သည့်ဒဏ်ကို ခံနိုင်ရည်မရှိသဖြင့် ကော်ဖီစိုက်ပျိုးရေးတွင် အရေးအကြီးဆုံး လိုအပ်ချက်မှာ ရေစီးရေလာအထူးကောင်းမွန်သည့် မြေမျိုးကို ရွေးချယ်ရန်ပင်ဖြစ်သည်။ ကော်ဖီ စိုက်ခင်းတွင် ရေ၀ပ်ပါက သီးထွက်အများအပြား ကျဆင်းစေသည့်အပြင် ရေ၀ပ်ချိန်ကြာရှည်ပါက အပင်သေဆုံးသည်အထိ ဖြစ်ပေါ်နိုင်သည်။ သို့အတွက် ကော်ဖီစိုက်ပျိုးမည့် မြေသည် မိုးရွာပြီး ရေများအမြင့်ဆုံးမှ လျှင်မြန်စွာအဝေးသို့ စီးဆင်းသွားရန် လိုအပ်ပါသည်။ သို့မှသာ အမြစ်များ မြေဆီလွှာအတွင်း လွတ်လပ်စွာ ကြီးထွားနိုင်စွမ်းရှိမည်ဖြစ်သည်။ အလွန်စေးထန်းသော ရွံ့စေးမြေ သည် စီးဆင်းစိမ့်ဝင်မှု အလွန်နှေးကွေးခြင်းနှင့် အမြစ်များ ထိုးဖောက်ရန် ခက်ခဲခြင်းများကြောင့် ကော်ဖီစိုက်ပျိုးရန် မသင့်လျော်ချေ။
ခြောက်သွေ့ရာသီတလျောက်လုံး အပင်အစိတ်အပိုင်းများနှင့် အပင်စိုက်ထားသည့်မြေတို့မှ မြေများ အခိုးအငွေ့အဖြစ် ပြန်ထွက်မှုကို ထိန်းထားနိုင်ရန် မြေကြီးအတွင်း အပင်မှစုပ်ယူနိုင်သော ရေအလုံအလောက်ကို သိုလှောင်ထားရန်လိုအပ်သည်။ ထိုသို့လှောင်ထားနိုင်ရန်မှာ မြေကြီးသည် ရေထိန်းစွမ်းအား ကောင်းရန် လိုအပ်မည်ဖြစ်သည်။
မိုးရေချိန်နည်းပါး၍ ခြောက်သွေ့ရာသီ ကာလရှည်ကြာသော ဒေသများတွင် မြေဆီလွှာသည် ရေထိန်း သိမ်းစွမ်းအားကောင်းရန် လိုအပ်သဖြင့် ကော်ဖီစိုက်ပျိုးမည့်မြေသည် မြေသားထုအထူ (၁၀) ပေခန့် ရှိရန်လိုအပ်သည်။ သို့မှသာ ကော်ဖီမြစ်များသည် ခြောက်သွေ့ရာသီတွင် ထိုမြေသားအနက်အထိ အမြစ်ဆင်း၍ ရေစုပ်ယူနိုင်မည်ဖြစ်သည်။
ကော်ဖီစိုက်ပျိုးမည့်မြေသည် ယေဘူယျအားဖြင့် မွရွပြီး နုံးဆန်သောအနီရောင် ၊ အညိုရောင် မြေများ ၊ သစ်ဆွေးဓါတ်ကြွယ်ဝသော မြေသြဇာထက်သန်သည့် မြေမျိုးဖြစ်သင့်သည်။ ကော်ဖီကို နေရာဒေသအမျိုးမျိုး ၊ မြေအမျိုးအစား အမျိုးမျိုးတွင် အချဉ်ဓါတ်လွန်လဲသည့် pH 4.0 မှ အနည်း ငယ်ငံသည့် pH 8.0 အထိ စိုက်ပျိုးကြသော်လည်း ယင်းလွန်ကဲသည့် pH နှစ်မျိုးလုံးသည် စီးပွား ဖြစ် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုအတွက် သင့်လျော်မှုမရှိချေ။
ကော်ဖီကိုလေ့လာသူ ပညာရှင်အများအပြားမှ ကော်ဖီနှင့် သင့်လျော်သောမြေ ပီအိပ်ခ်ျ (pH) နှင့် ပတ်သက်၍ ကွဲပြားစွာအကြံပြုခဲ့ကြပါသည်။ ဥပမာအားဖြင့် အာရေးဗီးကား ကော်ဖီအတွက် Robinson J.B. ဆိုသူက ပီအိတ်ခ်ျ ( 5.3 ) မှ ( 6.2 ) ဟူ၍လည်းကောင်း ၊ ဘရာဇီးနိုင်ငံတွင် စမ်း သပ်မှုများက ပီအိတ်ခ်ျ ( 4.2 ) မှ ( 5.1 ) ဟူ၍လည်းကောင်း ၊ အိန္ဒိယနိုင်ငံတောင်ပိုင်း အနေဖြင့် အာရေးဗီးကာ ကော်ဖီအတွက် ပီအိတ်ခ်ျ ( 4.6 ) မှ ( 6.5 ) ဟူ၍လည်းကောင်း ၊ ကင်ညာနိုင်ငံ တွင် ( 5.4 ) မှ ( 6.5 ) ဟူ၍လည်းကောင်း အသီးသီး အကြံပြုခဲ့ကြသည်။ Forester ဆိုသူက ရိုဘက်စတာ ကော်ဖီအတွက် ( 4.5 ) ပိုသော ပီအိတ်ခ်ျကို လိုအပ်ကြောင်း ၊ ဂျာဗားကျွန်းတွင်း စမ်းသပ်မှုများမှာ ရိုဘက်စတာကော်ဖီသည် ( 4.0 ) ထက်မြင့်မားသော ပီအိတ်ခ်ျကိုနှစ်သက် ကြောင်း ၊ သို့အတွက် ပီအိတ်ခ်ျ ( 4.5 ) မှ ( 5.0 ) အထိရှိသော ဒေသများတွင် စိုက်ပျိုးရန် သင့်လျော်ကြောင်း ဖော်ပြခဲ့ကြသည်။
ကော်ဖီနှင့်ပတ်သက်၍ သုတေသန ပညာရှင်အသီးသီးမှ တူညီစွာ အတည်ပြုကြသည်မှာ ကော်ဖီမြေသည် အနည်းငယ်ချဉ်သော မြေမျိုးဖြစ်သင့်သည် ဆိုသည့်အချက်ပင်ဖြစ်သည်။ သို့ရာတွင် ကော်ဖီ စိုက်ပျိုးရေး၌ မှန်ကန်သော မြေအချဉ်ဓါတ် အဆင့်အတန်းသည် တစ်ခုတည်းသော လိုအပ်ချက် မဟုတ်ပါ။ မြေကြီးမှလိုအပ်သော အာဟာရဓါတ်သည် လျော်ကန်သောအတိုင်းအဆနှင့် အချိုးအစားရရှိရန် လိုအပ်ပြီး မြေကြီးမှ အာဟာရဓါတ်များ အမြင့်မားဆုံး ကုန်ဆုံးသွားလေလေ ၊ အမြင့်ဆုံး အထွက်ကိုရရှိရန် မြေသြဇာထည့်ကျွေးရမှု တန်ဖိုးကြီးမားလေလေပင် ဖြစ်သည်။
တစ်ဧက၀င်ဆန့် ပင်ရေများများရနိုင်ရန်အတွက် လွန်ကဲစွာ စိပ်စိပ်စိုက်ထားသော ကော်ဖီခင်းသည် အောက်ပါရလဒ်များကို တွေ့ကြုံနိုင်သည်။
- (၁) အပင်စိပ်စိပ်စိုက်ခြင်းဖြင့် ပင်ရေ၀င်ဆန့်မှု တိုးတက်များပြားလာသည်နှင့်အမျှ စောစောပိုင်း နှစ်များတွင် သီးထွက်နှုန်းမြင့်မားခြင်း။
- (၂) တစ်ဧက၀င်ဆန့်ပင်ရေ တိုးတက်များပြားလာသည်နှင့်အမျှ နောက်ပိုင်းတွင် အထွက်နှုန်း လျင်မြန်စွာ ကျဆင်းလာခြင်း။
- (၃) တစ်ဧက၀င်ဆန့်ပင်ရေ တိုးတက်များပြားလာသည်နှင့်အမျှ နောက်ပိုင်းတွင် အထွက်နှုန်း လျင်မြန်စွာ ကျဆင်းလာခြင်း။
- (၄) သီးထွက်နှုန်းသည် ပင်ရေ၀င်ဆန့်မှု အကန့်အသတ် တစ်ခုရောက်သည်အထိ တိုးတက် ကောင်းမွန်သော်လည်း ၎င်းအကန့်အသတ်ထက် ကျော်လွန်ပါက အထွက်နှုန်း ကျဆင်း သွားခြင်း။
- (၅) တစ်ဧက၀င်ဆန့် ပင်ရေ လျော့ချလိုက်သည်နှင့်အမျှ ရေရှည်တွင် အထွက်နှုန်းကောင်းလာပြီး ၀င်ငွေတိုးတက်များပြားလာနိုင်ခြင်း။
အချိန်တိုတိုအတွင်း သီးထွက်များများရလို၍ အပင်ကိုလွန်ကဲစွာ စိပ်စိပ်စိုက်ခြင်းကြောင့် မကောင်း သည့်အချက်များကို သတိမူနိုင်ရန် အောက်တွင် ဖော်ပြထားသည်။
- အပင်ကို လွန်ကဲစွာ စိပ်စိပ်စိုက်ထားသော ကော်ဖီစိုက်ခင်းများတွင် များပြားလှသော အပင် အရေအတွက်အား ပြည့်စုံလုံလောက်သော ဓါတ်မြေသြဇာကျွေးရမှုနှင့် ပြုစုရမှုကြောင့် ကုန်ကျစရိတ် များပြားလှခြင်း။
- သီးထွက်ပမာဏမှာ အလွန်မြင့်မားပြီး ၊ ၎င်းမြင့်မားမှုမှာ အချိန်တိုတိုအတွင်းမှာပင် လျော့ကျသွားခြင်း။
- စိုက်ခင်း၏ မြေဆီသြဇာမှာ တိုတောင်းသော အချိန်ကာလအတွင်း ကုန်ခမ်းသွားခြင်း။
- တိုတောင်းသော အချိန်ကာလအတွင်းမှာပင် လွန်ကဲသောကိုင်းဖြတ်ပြုပြင်မှု ၊ ပင်ကြပ် နှုတ်ခြင်းများကို ဆောင်ရွက်ရသဖြင့် ကုန်ကျစရိတ်ပိုမိုများခြင်း။
- ပုံမှန်ဝင်ဆန့် ပင်ရေထက် ပိုမိုများပြားစွာ စိုက်ပျိုးထားသော ကော်ဖီစိုက်ခင်းကြီးများအား နောက်ပိုင်းတွင် နည်းပညာပိုင်း ၊ အုပ်ချုပ်မှုပိုင်းနှင့် ငွေကြေးပိုင်းဆိုင်ရာများဖြင့် ပြန်လည် ပြုပြင်ရန်လိုအပ်ခြင်း။
နိုက်တြိုဂျင်
နိုက်တြိုဂျင်ဓါတ်ချို့တဲ့မှုလက္ခဏာမပြသော ကော်ဖီပင်အား နိုက်တြိုဂျင်ထည့်ကျွေးပါက အခြား အဟာရဓါတ်ချို့တဲ့မှုများက ကော်ဖီအထွက်ကို ကန့်သတ်မှုမရှိလျှင် ပင်ပိုင်းဆိုင်ရာ ကြီးထွားမှုနှင့် အထွက်နှုန်း တိုးတက်စေသည်။ ကော်ဖီပင်ကို ထည့်ကျွေးနိုင်သော နိုက်တြိုဂျင်ဓါတ်မြေသြဇာ ပမာဏမှာ အပင်သက်တမ်းအလိုက် တစ်ဧကလျှင် နိုက်တြိုဂျင်ဓါတ် ၂၀ ကီလိုဂရမ်မှ အထက် ၆၀ ကီလိုဂရမ် ( ယူရီးယားဓါတ်မြေသြဇာ ၁ – အိတ်မှ ၇ – အိတ် ) အထိဖြစ်သည်။ ဓါတ်မြေသြဇာ ပမာဏ နည်းလျှင် တစ်ကြိမ်တည်းအပြီး ထည့်ကျွေးနိုင်သော်လည်း အလွန်များလျှင်မှု အကြိမ်ကြိမ် ခွဲထည့်သင့်သည်။
ဓါတ်မြေသြဇာလိုအပ်မှုကို တစ်ကြိမ်တည်းစုပြီး ထည့်သွင်းခြင်းမပြုဘဲ လေးကြိမ်အညီအမျှ ထည့် ကျွေးသင့်ပေသည်။ မိုးအသင့်အတင့်ရွာသော ဒေသများနှင့် ရေပေးသွင်း မပြုနိုင်သောဒေသများ တွင်မှု တစ်နှစ်သုံးကြိမ် ခွဲကျွေးသင့်သည်။
မိုးဦးကျခါစ မိုးစတင်ရွာသွန်းပြီး မကြာမီ မိုးဆက်မရွာဘဲ ခေတ္တခြောက်သွေ့တတ်သည့် အခြေ အနေမျိုးတွင် မြေတွင်းရှိ အပင်မှစုပ်ယူနိုင်သော နိုက်တြိုဂျင်ဓါတ်မှာလည်း ပျောက်ကွယ်ကျဆင်း သွားတတ်သည်။ သို့ဖြစ်၍ မိုးစတင်ရွာပြီး (၂)ပတ်အကြာ (သို့မဟုတ်) မိုးရေချိန် (၂)လက်မရှိသည့် အခြေအနေတွင် နိုက်တြိုဂျင်ဓါတ်မြေသြဇာကို ကျွေးနိုင်သည်။ မိုးစတင် မရွာသွန်းမီသော်လည်း ကောင်း ၊ ရေပေးသွင်းခြင်း မပြုနိုင်လျှင် သော်လည်းကောင်း မည်သို့သော အကြောင်းမျိုးနှင့်မျှ နိုက်တြိုဂျင် ဓါတ်မြေသြဇာကို မကျွေးသင့်ချေ။
ဖော့စ်ဖိတ်ဓါတ် ( Phosphate )
ကော်ဖီပင်အတွက် ဖော့စ်ဖိတ်ဓါတ်လိုအပ်မှုမှာ နည်းပါးသည်။ အချဉ်ဓါတ်ပိုများသော မြေမျိုးတွင် မြေကြီးမှ ဖော့စ်ဖိတ်ဓါတ် ထိန်းချုပ်ထားခြင်းဖြင့် အပင်မှ ဖော့စ်ဖိတ်ဓါတ် အလုံအလောက် စုပ်ယူနိုင်မှု ကို အဟန့်အတားဖြစ်စေသည်။ သုတေသန စမ်းသပ်မှုများအရ အရွယ်ရောက်ပြီး ကော်ဖီပင်ကြီးများအား ဖော့စ်ဖိတ် ဓါတ်မြေသြဇာကျွေးခြင်းဖြင့် တိုက်ရိုက်တုန့်ပြန်မှုမျိုး နည်းပါးသည်။ မည်သို့ဆိုစေ အပင်အမြစ်များ ကြီးထွားဖွံ့ဖြိုးရေး ၊ အခေါက်အသားများ ဖြစ်ပေါ်လာရေး ၊ အောင်မြင်သော အသီးများ ဖြစ်ပေါ်လာရေးနှင့် အသီးများ စောစီးစွာ ရင့်မှည့်လာရေးတို့အတွက် ဖော့စ်ဖိတ်ဓါတ်ကို တစ်နည်းနည်းဖြင့် လုံလောက်စွာ ရရန်လိုအပ်သည်။ ဖော့စ်ဖိတ်ဓါတ် ထည့်သွင်းမှုအပေါ် သိသိသာသာ တုန့်ပြန်မှုမျိုးကို ကော်ဖီပျိုးပင်များနှင့် ကော်ဖီပင်ငယ်များတွင် တွေ့ရတတ်သည်။
ဖော့စ်ဖိတ်ဓါတ်မြေသြဇာအား ကော်ဖီပျိုးခင်းမြေနှင့် ရောစပ်၍လည်းကောင်း ၊ ကော်ဖီမစိုက်မီ ကော်ဖီစိုက်ကျင်းတွင် ထည့်သွင်း၍သော်လည်းကောင်း ၊ အသုံးပြုခြင်းသည် အများပြုလုပ်သော စိုက်ပျိုးနည်းပင်ဖြစ်သည်။ များစွာသော ကော်ဖီပျိုးပင်ခင်းများတွင် ဖော့စ်ဖိတ်မြေသြဇာကို အရွက် ဖြန်း မြေသြဇာရည်အဖြစ် အပင်ငယ်များကို မကြာခဏ ဖြန်းကြသည်။ ပျိုးအိတ်ထည့် မြေကြီးအား စူပါဖော့စ်ဖိတ် (Super Phosphate) မြေသြဇာ ၊ လယ်ယာထွက် သဘာဝ မြေသြဇာတို့ ရောစပ် အသုံးပြုခြင်းဖြင့် အရွက်ဖြန်း မြေသြဇာရည် အသုံးမပြုရဘဲ သန်စွမ်းကောင်းမွန်သော ကော်ဖီပျိုးပင် များကို ရနိုင်သည်။ ထို့ကြောင့် ကော်ဖီပျိုးပင်များအပေါ် အဓိက အကျိုးသက်ရောက်မှုသည် ဖော့စ်ဖိတ်ဓါတ်ကြောင့်ဟု ဆိုနိုင်ပေသည်။
အပင်သက်တမ်းအလိုက် လိုအပ်သည့် ဖော့စ်ဖိတ်ဓါတ် အမျိုးအစား
ကော်ဖီအတွက် အဓိက အလိုအပ်သော နိုက်တြိုဂျင် ၊ ဖော့စ်ဖော်ရပ်နှင့် ပိုတက်စီယမ်ဓါတ်သုံးမျိုး တွင် ဖော့စ်ဖော်ရပ်ဓါတ်သည် ကော်ဖီသက်တမ်းအလိုက် လိုအပ်မှုကွာခြားသည်။ ဥပမာအားဖြင့် ကော်ဖီပင်ငယ်စဉ်တွင် အဓိကလိုအပ်သည့် ဓါတ်သုံးမျိုး၏အချိုးမှာ N : P2O5 : K2O သည် ၁း၂း၁ ဖြစ်သော်လည်း ကော်ဖီပင်ကြီးများအတွက်မှာ ၂း၂း၁ ဖြစ်သည်။ ဆိုလိုသည်မှာ ကော်ဖီသက်တမ်း ကြီးလာသည်နှင့်အမျှ ဖော့စ်ဖော်ရပ်လိုအပ်မှုနည်းသွားခြင်းပင်ဖြစ်သည်။ နိုက်တြိုဂျင်နှင့် ပိုတက် စီယမ်မြေသြဇာများကို နှုန်းထားမြင့်မားစွာ ကျွေးသော ကော်ဖီခင်းများတွင် ဖော့စ်ဖော်ရပ်ဓါတ် (P2O5) ကို တစ်ဟက်တာလျှင် ၁၀၀ ကီလိုဂရမ် ( ၁-ဧကလျှင် ၄၀ ကီလိုဂရမ် သို့မဟုတ် (TSP) ဓါတ်မြေသြဇာ 1¾ အိတ်ခန့် ) ထက်ပို၍ မကျွေးသင့်ဟု ( K.C willson ) အဆိုအရ ဖော့စ်ဖော်ရပ် (P2O5) ဓါတ် အလွန်မြင့်မားသောနှုန်းထားဖြစ်သည့် ၂၆၈ ကီလိုဂရမ်ထည့်ကျွေးရာတွင် ပထမနှစ် တွင် သိသိသာသာ တုန့်ပြန်မှုကောင်းသည်ကို တွေ့ရသော်လည်း နောင်နှစ်များတွင် ဤဓါတ်မြေ သြဇာနှုန်းထားအပေါ် တုန့်ပြန်မှုမရှိကြောင်း သိရသည်။
ပိုတက်စီယမ်ဓါတ် ( Potassium )
သီးနှံထွက်ရှိမှုကြောင်း အာဟာရဓါတ်များ ဆုံးရှုံးကုန်ခမ်းခြင်းအတွက် အရေးပါမှုအရဆိုလျှင် ပိုတက်စီယမ်သည် နိုက်တြိုဂျင်ထက် အနည်းငယ်ပို၍ အရေးကြီးပေသည်။ အပင်အာဟာရဖြစ်စေမှုနှင့် အသီးကြီးထွားဖွံ့ဖြိုးမှုတွင် ပိုတက်စီယမ်ဓါတ်သည် အဓိက သော့ချက်တစ်ခု ဖြစ်သည်။ အသီးကြီးထွား ဖွံ့ဖြိုးရေးအတွက် အရွက်နှင့် ပင်စည် အစိတ်အပိုင်းများတွင်ရှိသော ပိုတက်စီယမ်နှင့် အခြားဓါတ်များသည် အသီးများဆီသို့ ရွေ့လျားရောက်ရှိကြသည့် ပိုတက်စီယမ်က အခြားဓါတ်များထက် ပို၍ ပမာဏများသည်။ အပင်သည် ပိုတက်စီယမ်ဓါတ်ကို မြေကြီးမှ ရနိုင်သည်ထက်ပို၍ လိုပါက အရွက်များမှာ ပြောင်းရွှေ့ရယူသည်။ အရွက်တွင်ရှိသော ပိုတက်စီယမ် ဓါတ်ပမာဏသည် ယင်းချို့ တဲ့မှုဖြစ်ပေါ်သည်အထိ လျော့နည်းသွားနိုင်ပေသည်။ ထိုအခါမျိုးတွင် ပင်ပိုင်းကြီးထွားမှုရပ်ဆိုင်း သွားပြီး ပိုတက်စီယမ်ချို့တဲ့သော အရွက်များ ကြွေကျသည်သာမက နောက်ဆုံးတွင် အဖျားခြောက်သေမှု ( Die-back ) ဖြစ်ပေါ်ရပေသည်။
မြေဆီသြဇာ အလွန်ထက်သန်သော မြေမျိုးတွင် ကော်ဖီသည် မြေကြီးမှ ပိုတက်စီယမ်ဓါတ် အလုံအလောက် စုပ်ယူနိုင်သည်။ ကော်ဖီပင်ခြေများအား မြေဖုံးပစ္စည်းများဖြင့် မှန်မှန်ဖုံးအုပ်ပေးခြင်းဖြင့် မြင့်မားသောအပင်မှ စုပ်ယူနိုင်သည့် ပိုတက်စီယမ်ပမာဏကို ထိန်းထားနိုင်သည်။ ဤမြေအခြေအနေမျိုးတွင် ပိုတက်စီယမ်ဓါတ် မြေသြဇာစမ်းသပ်မှုများအပေါ် သိသိသာသာ တုန့်ပြန်မှုမျိုးမတွေ့ရဟု သုတေသနပညာရှင်များက ဆိုပါသည်။ မည်သို့ဆိုစေ နှစ်ပေါင်းများစွာ သီးနှံဆက်တိုက် ထုတ်လုပ်ခြင်းဖြင့် နောက်ဆုံးတွင်မြေကြီးရှိ အရံအာဟာရဓါတ်များ ကုန်ခမ်းသွားပြီး ဤသို့အာဟာရဓါတ်များ ကုန်ခမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် အာဟာရဓါတ်ချို့တဲ့မှုများ ( Nutrient Defiencies ) တွင် ပို တက်စီယမ်ချို့တဲ့မှုကို ပထမဆုံး တွေ့ရသည်ဟု ဆိုသည်။
ပိုတက်စီယမ်နှင့် မဂ္ဂနီစီယမ်တို့တွင် အပြန်အလှန် တုန့်ပြန်မှုများရှိရာတွင် ပိုတက်စီယမ် ဓါတ်မြေသြဇာ လွန်ကဲစွာထည့်သုံးခြင်းဖြင့် မဂ္ဂနီစီယမ်ဓါတ် ချို့တဲ့မှုဖြစ်ပေါ်စေပြီး မဂ္ဂနီစီယမ် အလွန်အမင်းသုံးပါ က ပိုတက်စီယမ်ချို့တဲ့မှု ဖြစ်ပေါ်စေသည်။ ထို့ပြင် မြေကြီးအတွင်း ကယ်လစီယမ်ဓါတ် လွန်ကဲစွာ ရှိနေပါကလည်း အပင်မှ ပိုတက်စီယမ်ဓါတ် စုပ်ယူမှုကို အနှောင့်အယှက် ဖြစ်စေသည်။
သီးထွက်မရသေးသော ကော်ဖီပင်များသည် ပိုတက်စီယမ်ဓါတ် အနည်းငယ်သာ လိုအပ်သော်လည်း ၎င်းဓါတ်ချို့တဲ့မှုမဖြစ်ရန် အရေးကြီးပါသည်။ ပိုတက်စီယမ်ဓါတ် ချို့တဲ့ပါက အပင်ကြီးထွားဖွံ့ဖြိုးမှု၊ သီးထွက် အလားအလာကောင်းမှုတို့ကို နှောင့်နှေးစေပါသည်။
ပိုတက်စီယမ်ဓါတ်အတွက် အသုံးပြုသော ဓါတ်မြေသြဇာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
- (၁) Muriate of Potash ( Potassium chloride )
- (၂) Potassium sulphate ( Sulphate of potash )
အထက်ပါ ပိုတက်ဓါတ်မြေသြဇာ နှစ်မျိုးအနက် မြန်မာနိုင်ငံတွင် Muriate of Potash (တောင်သူ အခေါ်ဓါတ်ဆား ) ကို အဓိကထား၍ သုံးကြသဖြင့် ပိုတက်ဓါတ်မြေသြဇာ သုံးနည်းအား ၎င်းမြေသြ ဇာကို အခြေခံ၍ ဖော်ပြထားသည်။
မြေတွင်းချဉ်ငံဓါတ် ၄.၅ မှ အထက်ရှိပါက ဤ Muriate of Rotash ဓါတ်မြေသြဇာကို အသုံးပြုနိုင် သည်။ နှစ်စဉ်ပုံမှန် ကျွေးသွားရမည့် နှုန်းထားမှာ တစ်ဟက်တာ ၂.၅ ဧကလျှင် ၁၄၀-၂၈၀ ကီလိုဂရမ် ဖြစ်ပြီး တစ်ပင်လျှင် ၁၁၄-၁၇၀ ဂရမ် (၄-၆ အောင်စ) ဖြစ်သည်။
ပိုတက် ဓါတ်မြေသြဇာ ထည့်ကျွေးရန် အကောင်းဆုံးအချိန်မှာ မိုးဦးကျကလာ သို့မဟုတ် ရေပေး သွင်းခြင်း စတင်သည့် အချိန်တို့ဖြစ်သည်။ ဤဓါတ်မြေသြဇာ ကျွေးရာတွင် အမြစ်ဇုန်တစ်ခုလုံးဝင် အောင် ကျွေးရန်ဖြစ်သည်။ အရွယ်ရောက်ပြီး ကော်ဖီပင်များကို ကျွေးရာတွင် ပင်စည်မကြီးမှ ၁၂” မှ ၁၄” အကွာ အပင်အရွယ်အစားကိုလိုက်၍ အပင်ပတ်လည်တွင် မြေမျက်နှာပြင် အပေါ်ယံမြောင်းငယ်လေး တူးဆွ၍ ဓါတ်မြေသြဇာကို ဖြူးပြီး မြေဖြင့် ပြန်ဖုံးထားပေးရမည်။